Eudaimonia ကိုရှာဖွေခြာင်း
စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ ခဏတာ ခံစားချက်တစ်ခု မဟုတ်ပါဘူး။ အစွန်းနှစ်ဖက်ကြားက အလယ်အလတ်လမ်းစဉ် (The Golden Mean) ကို ရှာဖွေနိုင်ခြင်းရဲ့ ရလဒ်သာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘဝရဲ့ ပန်းတိုင်ဖြစ်တဲ့ Eudaimonia ကို ရရှိဖို့ဆိုရင် မျှတတဲ့ ကျင့်ဝတ်တွေနဲ့ ရှင်သန်နေထိုင်ဖို့ လိုအပ်ပါတယ်။

ဒီနေ့မှာတော့ ရှေးခေတ် ဂရိ Philosophy မှာပါတဲ့ ခေါင်းစဉ်တစ်ခုဖြစ်တဲ့ Eudaimonia (ယူဒိုင်မောနီးယား) အကြောင်း ပြောပြပေးသွားပါမယ်။ နည်းနည်းတော့လည်း ပျင်းစရာကောင်းရင် ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ဒီခေါင်းစဉ်ဟာ ဘဝကို ပိုမိုကောင်းမွန်အောင် ဖြတ်သန်းဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။
ပထမဆုံး ကျွန်တော် ရှင်းချင်တဲ့ စကားလုံးက Virtue ဆိုတဲ့ စကားလုံးပါ။ မြန်မာလို "သူတော်ကောင်းတရား" လို့ ပြန်လို့ရပေမယ့် ဒီနေ့ပြောသွားမယ့် အကြောင်းက ဂရိ Philosophy ဖြစ်နေတာမို့လို့ Virtue ကို Virtue လို့ပဲ သုံးသွားပါမယ်။
Virtue ဆိုတာ ဘာလဲ? ပုံဖော်ကြည့်ပါ။ အမြဲတမ်း အခြေအနေကိုလိုက်ပြီး ဘာပြောရမလဲ သိတယ်။ ကောင်းတာ၊ မကောင်းတာကို တစ်ဖက်လူ နားဝင်အောင် ပြောနိုင်စွမ်းရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်းရှိတယ်၊ ဒါပေမယ့် ခေါင်းမမာဘူး။ ရဲရင့်တယ်၊ ဒါပေမယ့် မိုက်ရူးရဲမဆန်ဘူး။ အပေးအကမ်း ရက်ရောတယ်၊ သဘောကောင်းတယ်၊ ဒါပေမယ့် မတုံးမအတဲ့ လူမျိုး။ လူတိုင်းဖြစ်ချင်ကြ၊ အားကျကြတဲ့ လူမျိုးပေါ့။
ဒီလိုလူမျိုးကို ဘယ်လိုခေါ်လဲ? Aristotle ကတော့ Virtue နဲ့ ပြည့်ဝတဲ့လူလို့ ခေါ်ခဲ့ပါတယ်။ ဒီထက်ပိုပြီး အကျယ်ချဲ့ပြောရရင် Virtue ဆိုတာ The Golden Mean ကို ရအောင် စွမ်းဆောင်နိုင်ခြင်း ဖြစ်ပါတယ်။
The Golden Mean ဆိုတာက အစွန်းနှစ်ခုကြား အလယ်တည့်တည့်မှာရှိနေတဲ့ မျှချေတစ်ခုကို ဆိုလိုပါတယ်။ အနိမ့်ဆုံးနဲ့ အမြင့်ဆုံးရဲ့ ကြား အလယ်တည့်တည့်ပေါ့။ သတ္တိနဲ့ပတ်သက်တဲ့ Virtue ကို နမူနာယူကြည့်ရအောင်။
ကျွန်တော်တို့ လမ်းသွားနေရင်း လုယက်မှုတစ်ခုကို တွေ့လိုက်ရတယ်။ ဒါဆိုရင် သတ္တိရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ ဘာလုပ်ရမလဲ? ချက်ချင်းပြေးသွားပြီး တိုက်ခိုက်လိုက်မလား? ဟင့်အင်း၊ မဟုတ်ပါဘူး။ သတ္တိ (Virtue) နဲ့ ပြည့်ဝတဲ့သူတစ်ယောက်ဟာ အခြေအနေကို အရင်ဆုံး အကဲခတ်ပါတယ်။ တစ်ဖက်က လုယက်တဲ့သူဟာ တစ်ယောက်လား၊ နှစ်ယောက်လား? လက်နက်ပါလား? ကိုယ်ဝင်တိုက်ခိုက်ရင် နိုင်လောက်လား? ဒီလိုဘက်ပေါင်းစုံက တွေးပြီးမှ တိုက်သင့်ရင်တိုက်တယ်။ မတိုက်သင့်ဘူး၊ ကိုယ်ဝင်ပါလို့ အခြေအနေ ပိုဆိုးနိုင်မယ်ထင်ရင် အခြားအကူအညီတောင်းတယ်၊ ရဲကိုဖြစ်စေ အကြောင်းကြားပါတယ်။
ဒီလို တွေးတောဆင်ခြင်ပြီး လုပ်လိုက်တာဟာ Virtue နဲ့ ညီသွားပါပြီ။ ဒီတော့ သတ္တိ Virtue ဆိုတာဟာ "ကြောက်တတ်ခြင်း" နဲ့ "မိုက်ရူးရဲဆန်ခြင်း" ရဲ့ အလယ်က The Golden Mean ကို ရယူနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒီလိုပဲ ရိုးသားခြင်းဆိုတာလည်း လွန်ကဲစွာ အမှန်အတိုင်းပြောခြင်းနဲ့ ပြောသင့်တာကို မပြောနိုင်ခြင်းရဲ့ ကြားထဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နဖူးတည့်တည့်မှာ အမာရွတ်ရှိတဲ့သူတစ်ယောက်ကို "ဟာ... မင်းနဖူးမှာ အမာရွတ်ကြီး အကြီးကြီးပဲ" လို့ ပြောစရာမလိုပါဘူး။ မှန်ပေမယ့် တစ်ချို့စကားတွေက ပြောဖို့ မလိုအပ်ပါဘူး။ ဒီလိုမျိုးပါပဲ အစစအရာရာတိုင်းမှာ အနိမ့်ဆုံးနဲ့ အမြင့်ဆုံးကြားထဲကအရာ (The Golden Mean) ကို ရယူနိုင်ခြင်းဟာ Virtue နဲ့ ပြည့်ဝအောင် နေခြင်းပဲ ဖြစ်ပါတယ်။
ဒါဆို ဘာလို့ Virtue နဲ့ ပြည့်ဝအောင် နေရမှာလဲ? ဘာလို့ Virtue က အရေးကြီးတာလဲ? ဒီလိုမေးလာရင် အဖြေက ရိုးရိုးလေးပါပဲ—Eudaimonia။
ကိုယ့်ဘာသာ ပြန်သင်ယူတဲ့ စက်ရုပ် (Autonomous Robot) တစ်ခုဟာ လမ်းလျှောက်တဲ့ Function ကို ဘယ်လိုသင်ယူသလဲ? Motivating factor တစ်ခု ထားပေးရပါတယ်။ အမှတ် A ကနေ အမှတ် B ကို ရွေ့ဖို့ဆိုပြီး။ ဒီအခါမှာ အဲ့ဒီစက်ရုပ်ဟာ အမှတ် A ကနေ အမှတ် B ကို နည်းပေါင်းစုံနဲ့သွားပြီး အသင့်တော်ဆုံးနည်းလမ်းကို "လမ်းလျှောက်ခြင်း" ဆိုပြီး မှတ်ယူလိုက်ပါတယ်။
ဒီလိုပဲ သက်ရှိတိုင်းဟာ Motivating factor လို့ခေါ်တဲ့ ကိုယ့်ကိုတွန်းအားပေးနေတဲ့ အရာတစ်ခုကို အခြေခံပြီး အလုပ်တွေ လုပ်ကြပါတယ်။ ဒါဆို လူသားတွေရဲ့ Motivating factor ကကော ဘာလဲ?
ပျော်ရွှင်ခြင်းပါပဲ။
ကျွန်တော်တို့ကို မနက်တိုင်း အိပ်ရာကထဖို့၊ သွားဖို့လာဖို့ တွန်းအားပေးနေတာ တကယ်တော့ ပျော်ရွှင်ခြင်းပါ။ အလုပ်ဘာလို့လုပ်တာလဲ? ပိုက်ဆံရချင်လို့။ ပိုက်ဆံဘာလို့ ရချင်တာလဲ? ဝတ်ဖို့၊ စားဖို့၊ နေဖို့။ ကောင်းကောင်းမွန်မွန် ဝတ်နေစားနေရရင် ဘာဖြစ်လဲ? ပျော်ရပါတယ်။ အဓိကက ဒါပါပဲ။ ကိုယ်လုပ်နေတဲ့ အရာအားလုံးရဲ့ အခြေခံအကြောင်းအရင်းဟာ ပျော်ရွှင်ခြင်းပဲ ဖြစ်ပါတယ်။
ပျော်ရွှင်ခြင်းဆိုတဲ့ Motivating factor ပျောက်သွားတာနဲ့ အသက်ရှင်ရခြင်းရဲ့ အဓိပ္ပါယ်လည်း ပျောက်သွားတတ်ပါတယ်။
Eudaimonia ဆိုတာ ဂရိစကားလုံးဖြစ်ပြီး "စစ်မှန်တဲ့ ပျော်ရွှင်ခြင်း" လို့ အဓိပ္ပါယ်ရပါတယ်။ လူသားတစ်ယောက်ရဲ့ဘဝမှာ အမြင့်ဆုံး ရနိုင်တဲ့ အောင်မြင်မှု၊ မှန်ကန်တဲ့ ပျော်ရွှင်ခြင်းလို့လည်း ခေါ်ပါတယ်။ Aristotle ကတော့ ဒီအဆင့် Eudaimonia ကို ရရှိဖို့ဆိုတာ အပေါ်မှာပြောထားတဲ့ Virtue နဲ့ ကိုက်ညီဖို့လိုတယ်လို့ ဆိုပါတယ်။ Virtue နဲ့ ပြည့်ဝစွာ နေနိုင်တဲ့သူတစ်ယောက်ဟာ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းကို ရမယ်လို့ သူကတော့ ပြောထားပါတယ်။
စေ့စေ့တွေးကြည့်ရင် ဒါဟာ Buddha's Philosophy က "မဇ္ဈိမပဋိပဒါ" (အလယ်အလတ်လမ်းစဉ်) နဲ့လည်း အင်မတန် နီးစပ်ပါတယ်။ အားလုံးလည်း Virtue နဲ့ ပြည့်ဝတဲ့ လူတွေဖြစ်အောင် နေနိုင်ကြပါစေဗျာ။
Soe Lwin Htun
ownder