Ink & Signal logoSignal & Soul

Psychology, philosophy, romance, poetry, and AI under one personal roof.

HomeTopicsAbout
PsychologyPhilosophyRomancePoetryAI Systems
Back

လစ်ဟာသွားခြင်းများနှင့် အသားကျခြင်း

ဆုံးရှုံးမှုတစ်ခုကို လက်ခံဖို့ဆိုတာ အဲ့ဒီအရာကို အစားထိုးဖို့ ကြိုးစားနေရုံတင် မဟုတ်ပါဘူး။ လစ်ဟာသွားတဲ့ နေရာလေးနဲ့အတူ အသားကျအောင် နေထိုင်တတ်ဖို့က ပိုအရေးကြီးပါတယ်။ တစ်နေ့မှာ ကိုယ်လက်လွှတ်ခဲ့ရတဲ့ အရာတွေကို ပြန်တွေးမိတဲ့အခါ ‘ငါတကယ် ထွက်သွားခွင့် ပြုနိုင်ခဲ့တာပဲ’ ဆိုတဲ့ အသိနဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနိုင်ပါလိမ့်မယ်။"

၂၀၂၃ ဖေဖော်ဝါရီ ၁၆4 မိနစ် ဖတ်ရန်
လစ်ဟာသွားခြင်းများနှင့် အသားကျခြင်း

ဘဝမှာ အခက်ခဲဆုံးသော အရာတွေထဲကတစ်ခုက ကိုယ့်အတွက် အရေးပါတဲ့ လူတွေ၊ ခံစားချက်တွေ၊ အရာ၀တ္ထုတွေနဲ့ ကိုယ့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း ဆုံးရှုံးရတာကို လက်ခံပေးခြင်းပါပဲ။

ဒီနေ့ လမ်းလျှောက်နေတုန်း ကျွန်တော်တက်ခဲ့တဲ့ အထက်တန်းကျောင်းရှေ့ကို ရောက်သွား‌တော့ ပုံရိပ်လေးတစ်ခု ခေါင်းထဲမှာ ပေါ်လာတယ်။ လွယ်အိတ်ကို နောက်သိုင်း၊ ပုဆိုးက မြေကြီးတရွတ်တိုက်နဲ့ အိမ်ကို စိတ်ကောက်ပြီး ကျောင်းကို လမ်းလျှောက်လာတဲ့ ကောင်လေးတစ်ယောက်ပေါ့။

ဒီပုံရိပ်လေးကို မြင်မိတော့ အလိုလို ပြုံးမိသလို လွမ်းလည်းလွမ်းတယ်။ အခုရောက်နေတဲ့ ဘ၀ကို ပျော်တယ်။ အဲ့ဘ၀ကို ပြန်သွားမလားမေးရင် ပြန်မသွားချင်ဘူး။ ဒါပေမယ့်လည်း ကျွန်တော်ဟာ ဖြူစင်ရိုးသားတဲ့ ကောင်လေးမဟုတ်တော့ဘူး။ အားနေရင် အော်ဆဲနေတတ်တဲ့ ကောင်လေးဟာ ကျန်ခဲ့ပါပြီ။ ဒါဟာ ကျွန်တော့်ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပေါ့။ တိတိကျကျပြောရရင် ဒါကျွန်တော် ဆုံးရှုံးခဲ့ရတဲ့ အစိတ်အပိုင်းတစ်ခု။ နောက်နှစ်တွေကြာလာရင် အခုလက်ရှိရှိနေရတဲ့ ဘ၀ကိုလည်း ဆုံးရှုံးရပါဦးမယ်။

ကျွန်တော် ချစ်ရတဲ့သူတွေကို ဆုံးရှုံးဖူးတယ်။ ပိုက်ဆံတွေ၊ ဖုန်းတွေ ပျောက်ဖူးတယ်။ တကယ်တော့ လူတိုင်း တစ်ခုမဟုတ်တစ်ခု ဆုံးရှုံးဖူးကြတာပါပဲ။ ကွဲပြားသွားတာက ကိုယ်ဆုံးရှုံးလိုက်ရတဲ့ အရာဟာ ကိုယ့်အတွက် ဘယ်လောက် အရေးပါခဲ့သလဲ ဆိုတာပါပဲ။

တစ်ချို့အရာတွေက ကျွန်တော်တို့မှာ ရှိခဲ့ရုံတင်မကဘူး၊ ကျွန်တော်တို့ရဲ့ဘ၀ကို အဓိပ္ပါယ်တစ်ခု ဖွင့်ဆိုပေးခဲ့တဲ့ အရာတွေဖြစ်တယ်။ တစ်ချို့အရာတွေကို ကျွန်တော်တို့ရဲ့ နှလုံးသားက သီးသန့်နေရာလေးတစ်ခု ပေးခဲ့ကြတယ်။ တစ်ချို့အရာတွေက ကျွန်တော်တို့ကို ပြောင်းလဲစေခဲ့ကြတယ်။ ဒီလိုနဲ့ ကံတရားရဲ့ လှည့်စားမှုအောက်မှာ ကျွန်တော်တို့ အဲ့ဒီအရာတွေကို ဆုံးရှုံးလိုက်ရတယ်။

ဒီလိုအရာတွေ၊ ဒီလိုလူတွေကို ဆုံးရှုံးတဲ့အခါ သူတို့နဲ့ဆိုင်တဲ့ ဘ၀ထဲက နေရာလေးတစ်ခုဟာ လစ်ဟာသွားပြီ။ ဒီခံစားမှု၊ လစ်ဟာနေတဲ့ ခံစားမှုဟာ အဆိုးဆုံးပါပဲ။ Depression ဆိုတာရဲ့ အစပေါ့။

ကျွန်တော်တို့ကို ‌နွေးထွေးခြင်းဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုပေးခဲ့တဲ့ မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရရင် ကျွန်တော်တို့ဘ၀ထဲက နွေးထွေးခြင်းဆိုတဲ့ နေရာမှာ လစ်ဟာသွားပြီ။ အရင်က ရခဲ့တဲ့ နွေးထွေးခြင်းတွေကို ပြန်မရတော့ဘူး။ အချစ်ဆိုတာဘာလဲ ဆိုတာကို သင်ပေးခဲ့တဲ့သူ၊ ကျွန်တော်တို့ကို ပျော်ရွှင်ခြင်းတွေ ပေးခဲ့တဲ့သူက ကိုယ့်အနားက ထွက်သွားပြီဆိုရင် မပျော်တော့ဘူး။ အရင်လို သူနဲ့အတူ ပေါက်ကရလေးဆယ်ပြောရင် ရယ်နေတာမျိုးတွေရှိမှာ မဟုတ်တော့ဘူး။ အနာဂတ်ဘ၀အကြောင်းတွေ ပြောပြီး စိတ်ကူးယဉ်တာမျိုးတွေ ရှိမှာမဟုတ်တော့ဘူး။ ဘယ်တော့မှ ပေါ့။

တစ်ခုခုကို ဆုံးရှုံးပြီးရင် ဆုံးရှုံးတာကို လက်ခံရမယ်။ ထွက်သွားမယ့်သူဆိုရင် ခွင့်ပြုပေးရမယ်။ ဘယ်တော့မှ ဒီအရာတွေကို ပြန်ရတော့မှာမဟုတ်တာကို လက်ခံရမယ်။ "ငါဘာလုပ်ရင်တော့ သူပြန်လာမှာပါ" အဲ့သလိုအတွေးမျိုး ရှိနေသေးရင် ဘယ်တော့မှ လက်ခံနိုင်မှာမဟုတ်ဘူး။ ဒီတော့ လက်ခံခြင်းဟာ ပထမခြေလှမ်းပါပဲ။

လူတွေကို အစားထိုးလို့ရလား။ အချစ်ကို အစားထိုးလို့ရလား။ ဒါက အမျိုးမျိုးပါပဲ။ ဘယ်တော့မှ ကိုယ်ရရှိခဲ့တဲ့ ခံစားမှုမျိုး ရမှာမဟုတ်တော့ဘူး။ ဆုံးရှုံးလိုက်ရတဲ့သူနဲ့ အတူတူ "ချစ်တယ်" ဆိုတဲ့သူ ရှိလာမှာမဟုတ်ဘူး။ ချစ်တော့ချစ်တယ် သူ့လောက်မချစ်ဘူးဆိုတာတွေရှိမယ်။ သူ့ထက်ချစ်တယ်ဆိုတာရှိမယ်။ ‌ဒါဆိုရင်တော့ အစားထိုးလို့ရလာတာပါပဲ။ လစ်ဟာသွားတဲ့နေရာကို အစားထိုးဖို့ဆိုတာက ပိုကျယ်တဲ့ နေရာတစ်ခုလိုတာမို့လို့ပါ။ ကိုယ်ဆုံးရှုံးလိုက်တဲ့နေရာဟာ အရမ်းကျယ်တော့ ဘယ်တော့မှ အစားမထိုးနိုင်လိုက်တဲ့ သူတွေလည်းရှိတယ်။

အစားထိုးဖို့က အဓိကမဟုတ်ပါဘူး။ ဒီလစ်ဟာသွားတဲ့ နေရာနဲ့‌ပဲ အသားကျသွားဖို့က အဓိကပါ။

အရင်ဆုံး ဘယ်တော့မှ ပြန်ရမှာမဟုတ်တော့တာကို လက်ခံပါ။ စိတ်ညစ်ပါ၊ ဝမ်းနည်းပါ၊ ငိုပါ၊ အော်ပါ။ လောကကြီးကို အော်ဆဲပါ။ ပြီးသွားရင်တော့ "အော်... သူငါ့အနားက တကယ်ထွက်သွားပြီပဲ" လို့ သတိရလိုက်ပါ။ ကိုယ့်ကိုနေရာတစ်ခုပေးတဲ့သူ၊ ကိုယ့်ကိုချစ်တဲ့သူတွေ အနားမှာပဲနေပါ။ ဝါသနာပါရာတွေလုပ်ပါ။ ကိုယ်ကြိုက်တာတွေအကုန်လုပ်ပါ။ နောက်ပြီး များများအိပ်ပါ။

ကျွန်တော်ကိုယ်တိုင်လည်း ဆုံးရှုံးဖူးသလို ဆုံးရှုံးတာကိုလည်း လက်ခံခဲ့ပြီးပါပြီ။ နောက်ဆုံးကျတော့လည်း အားလုံးကို ဆုံးရှုံးလိုက်ရတာပါပဲ။ ကြိုက်တဲ့အရာ‌တွေကော၊ မကြိုက်တဲ့အရာတွေကော။ ချစ်တဲ့သူတွေကော၊ မုန်းတဲ့သူတွေကော။ အရာရာဟာ ခဏတာပါပဲ။

ကြာလာတဲ့အခါ ကိုယ်ဆုံးရှုံးခဲ့တဲ့အရာတွေ၊ လွှတ်ချခဲ့တဲ့အရာတွေ၊ ထွက်သွားခွင့်ပြုနိုင်ခဲ့တဲ့ အရာတွေကို သတိရမိတဲ့အခါ ပြုံးပဲပြုံးပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူလိုက်ပါ။

"ငါတကယ် ထွက်သွားခွင့်ပြုခဲ့တာပါလား" လို့ပေါ့။
AI

Soe Lwin Htun

ownder