Ink & Signal logoSignal & Soul

Psychology, philosophy, romance, poetry, and AI under one personal roof.

HomeTopicsAbout
PsychologyPhilosophyRomancePoetryAI Systems
Back

အင်ပါယာ၏ တိတ်ဆိတ်ခြင်းနှင့် Stoicism

Stoicism ဆိုတာ ခံစားချက်မရှိတာမဟုတ်ဘဲ၊ ခံစားချက်တွေကို စနစ်တကျ ထိန်းချုပ်နိုင်ခြင်းသာ ဖြစ်ပါတယ်။ ကိုယ်ထိန်းချုပ်နိုင်တဲ့အရာနဲ့ မထိန်းချုပ်နိုင်တဲ့အရာကို ခွဲခြားသိမြင်ပြီး၊ သေခြင်းတရားကို ကြောက်စရာရန်သူလိုမဟုတ်ဘဲ ခင်မင်ရတဲ့ အဖော်တစ်ဦးလို သဘောထားနိုင်ခြင်းက ကျွန်တော်တို့ကို ပိုပြီး လွတ်လပ်တဲ့ဘဝမှာ ရှင်သန်စေနိုင်ပါတယ်။

၂၀၂၃ မေ ၁၈
အင်ပါယာ၏ တိတ်ဆိတ်ခြင်းနှင့် Stoicism

Marcus Aurelius ဆိုတဲ့နာမည်ကို ကြားဖူးကြလားမသိဘူး။ ရောမအင်ပါယာ / အတွေးအခေါ်ပညာရှင် တစ်ယောက်ပေါ့။ ရောမရဲ့ အင်ပါယာကောင်း ငါးဦးထဲက တစ်ဦးအပါအဝင်လည်း ဖြစ်သလို၊ တကယ့်ကို ဘဝကို ပြည့်ပြည့်ဝဝ နေနိုင်ဖြတ်သန်းနိုင်ခဲ့တဲ့ အတွေးအခေါ်ပညာရှင် တစ်ယောက်ပါပဲ။

သူ့ရဲ့ နာမည်ကျော် စကားတစ်ခွန်းကတော့— "ဘဝမှာ ထိန်းချုပ်လို့ရတဲ့ အရာတွေရှိသလို၊ ကိုယ်ဘယ်လိုမှ ထိန်းချုပ်လို့မရတဲ့ အရာတွေရှိတယ်။ ကိုယ်ဘယ်လိုမှ ထိန်းချုပ်လို့ ပြောင်းလဲလို့မရတဲ့ အရာတွေဖြစ်လာရင်၊ ဖြစ်လာသမျှကို တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံရမယ်" ဆိုတာပါပဲ။

ဒါကတော့ ကျွန်တော်တို့တွေလည်း တစ်နည်းမဟုတ်တစ်နည်း ဘဝမှာ ခံစားမိကြမယ့် အတွေ့အကြုံတစ်ခု ဖြစ်မယ်လို့ထင်တယ်။ ကိုယ်ထင်မထားတာ တစ်ခုခုဖြစ်လာတဲ့အခါ၊ အရမ်းဆိုးရွားတဲ့ အရာတစ်ခုဟာ ‘အော်... ငါမှမတတ်နိုင်ဘဲ၊ ဖြစ်ပြီး ပြီးတာပါပဲ’ လို့ ယူဆလိုက်တဲ့အခါ အဲ့ဒီကိစ္စက ဘာမှ မကြီးကျယ်တော့သလို ခံစားရလိုက်တာမျိုးပေါ့။

ဒီအယူအဆဟာ လူတိုင်း လွယ်လွယ်နဲ့ နားလည်နိုင်ပေမယ့်၊ အမြဲတမ်း အဲ့ဒီလို ကျင့်ကြံနေနိုင်ဖို့ဆိုတာကတော့ ပြောပြလို့မရလောက်အောင် ခက်ခဲပါတယ်။ ဒါဟာ Stoicism ရဲ့ သင်ကြားမှုတွေထဲက တစ်ခုပါ။

ဒီအယူအဆအတိုင်း လိုက်နာနေထိုင်ကြတဲ့သူတွေဟာ တစ်ခါတစ်လေ အထင်လွဲခံရလေ့ရှိကြတယ်။ ခံစားချက်မရှိတဲ့သူလိုလို၊ ဘာကိုမှ အလေးအနက်မထားတဲ့သူလိုလို အထင်လွဲခံကြရတယ်။ ဥပမာပေးရရင်— Xenophon ဟာ သူ့သားဆုံးသွားတဲ့ သတင်းကိုကြားတုန်းက ခပ်အေးအေးပဲ ပြန်ပြောခဲ့ပါတယ်— “ငါ့သားက သေမျိုးဆိုတာ ငါသိတယ် (I knew my son was a mortal)” တဲ့။

Marcus Aurelius တစ်ယောက်လည်း သူ့ရဲ့အင်ပါယာဘဝကို လွယ်လွယ်နဲ့တော့ ဖြတ်သန်းခဲ့ရတာ မဟုတ်ပါဘူး။ တစ်နေ့တော့ သူ့ရဲ့သူငယ်ချင်းလည်းဖြစ်၊ စစ်သူကြီးလည်းဖြစ်တဲ့ Avidius Cassius က သူ့ကို သစ္စာဖောက်ပြီး သူ့ကိုယ်သူ အင်ပါယာလို့ ကြေညာလိုက်တဲ့သတင်းကို ကြားလိုက်ရတယ်။ ကျွန်တော်တို့သာ သူ့နေရာမှာဆို ကိုယ့်သူငယ်ချင်းက သစ္စာဖောက်တာမို့လို့ ဒေါသတကြီး တုံ့ပြန်ခဲ့မှာပါပဲ။

ဒါပေမယ့် သတင်းကြားကြားချင်း သူလုပ်ခဲ့တာကတော့ ချီးကျူးစရာပါ။ ဘာမှ မလုပ်ခဲ့တာပါပဲ။ အချိန်တစ်ခုကြာတဲ့အထိ ဘာမှမလုပ်ဘဲ နေခဲ့တယ်။ နောက်မှ Cassius ရှိရာကို သူချီတက်မယ်လို့ ကြေညာခဲ့တယ်။ "ဒီကောင့်ကို သတ်မယ်" တို့ဘာတို့ ပြောတာတောင် မဟုတ်ဘူး။ "ချီတက်မယ်" ဆိုတာလေးပဲ။

အော်... သူငါ့ကို သစ္စာဖောက်သွားပြီပဲ၊ အေးပေါ့လေ ဘယ်တတ်နိုင်မလဲ။ ငါဘယ်လို တုံ့ပြန်သင့်သလဲပဲ သူစဉ်းစားတယ်။ အမုန်းတရားမပါဘူး၊ ဒေါသမပါဘူး။ လုပ်သင့်တာကိုပဲ လုပ်သွားတာပါ။ ဘဝကိုကော နိုင်ငံကို အုပ်ချုပ်ရာမှာကော ဒီလိုနေခဲ့ထိုင်ခဲ့လို့ Marcus ရဲ့ ဘဝဟာ အတော်လေး စိတ်ကျေနပ်စရာကောင်းခဲ့တယ်။ ဒါကြောင့်လည်း သေတဲ့အထိ သူ့ရဲ့အင်ပါယာဟာ တည်တံ့ခဲ့တာပါပဲ။

Plato ပြောခဲ့သလို— “နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်တဲ့သူဟာ အတွေးအခေါ်ပညာရှင်တွေ ဖြစ်သင့်တယ်” ဆိုသလိုပေါ့။

ကိုယ်နားလည်တတ်သလိုမျိုး ဒီအတွေးအခေါ်ကို လက်ခံလို့ရပါတယ်။ ဒါပေမယ့် အဓိကပြောချင်တဲ့ အချက်က—

  • သဘာဝတရားကို မလွန်ဆန်ဖို့။
  • ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေအတွက် ကိုယ့်ကိုယ်ကိုယ် စိတ်အနှောင့်အယှက်အဖြစ်မခံဖို့။
  • ဒီနေ့ကို ကိုယ့်ဘဝရဲ့ နောက်ဆုံးနေ့လို့ သတ်မှတ်ပြီး နေထိုင်ဖို့ပါပဲ။

သေခြင်းတရားဟာ အမြဲတမ်းနီးကပ်နေတယ်ဆိုတာ သတိထားဖို့ပါပဲ။ Stoicism မှာတော့ ဒါကို Memento mori လို့ ခေါ်တာပေါ့။

ကိုယ်က နောက်ဘဝဆိုတဲ့အရာကို ယုံတဲ့သူဆိုရင် ဘဝကို ဒီလိုဖြတ်သန်းခဲ့ရင် ကိုယ်က ကောင်းရာမွန်ရာ ရောက်မယ်ဆိုပြီး သေခြင်းကို ကြောက်စရာမလိုတော့ဘူး။ ကိုယ်က နောက်ဘဝကို မယုံတဲ့သူဆိုရင်လည်း ဘဝကို အဲ့ဒီလို ဖြတ်သန်းမယ်ဆိုရင် ကိုယ့်လက်ရှိဘဝမှာ ပြည့်ပြည့်ဝဝ ပျော်ရတော့မှာမို့လို့ သေခြင်းတရားကို ကြောက်စရာမလိုတော့ပါဘူး။

ဒီတော့ ဘဝကို တတ်နိုင်သလောက် Eudaimonia နဲ့ ညီမျှအောင်နေ၊ ပြီးတော့ Memento mori ဆိုတာကိုလည်း သတိရနေပေါ့။

Memento mori — ကိုယ်ထိန်းချုပ်လို့မရတာတွေကို ထိန်းချုပ်ဖို့ မကြိုးစားဘဲ ဘဝကို အပြည့်ဝဆုံး နေထိုင်ပါ။ Memento mori — ဘဝကို အပြည့်ဝဆုံး နေထိုင်ခဲ့မယ်ဆိုရင် နောင်တရစရာမရှိတဲ့အတွက် ဆုံးရှုံးရမှာလည်း မကြောက်တော့သလို၊ သေခြင်းတရားကိုလည်း နွေးနွေးထွေးထွေး ကြိုဆိုနိုင်လိမ့်မယ်။ Memento mori — သေခြင်းတရားကို သတိရပါ။
AI

Soe Lwin Htun

ownder