Ink & Signal logoSignal & Soul

Psychology, philosophy, romance, poetry, and AI under one personal roof.

HomeTopicsAbout
PsychologyPhilosophyRomancePoetryAI Systems
Back

လူတွေဖန်တီးထားတဲ့ စံနှုန်းတွေအကြောင်း

ကျွန်တော်တို့တွေဟာ ကိုယ်တိုင်ဖန်တီးထားတဲ့ စံနှုန်းတွေနဲ့ ကိုယ့်တန်ဖိုးကို တိုင်းတာရင်း ပျော်ရွှင်မှုတွေကို လွှတ်ချမိတတ်ကြပါတယ်။ တကယ်တော့ စံနှုန်းဆိုတာ လူသားတွေက ဖန်တီးထားတာပါ။ စံနှုန်းတွေက လူသားတွေကို ပြန်ပြီး မဖန်တီးနိုင်ဘူးဆိုတာ သိထားဖို့ လိုပါတယ်။

၂၀၂၂ ဖေဖော်ဝါရီ ၁၁3 မိနစ် ဖတ်ရန်
လူတွေဖန်တီးထားတဲ့ စံနှုန်းတွေအကြောင်း

လူတွေဖန်တီးထားတဲ့ စံနှုန်းတွေအကြောင်း...

ငယ်ငယ်တုန်းက ကျွန်တော် မုန့်ဖိုး တစ်နေ့ကို ငါးဆယ်ရတယ်။ အဲ့ဒီအချိန်တွေတုန်းက ကျွန်တော် စိတ်ကူးယဉ်ခဲ့တဲ့အရာက မုန့်ဖိုး တစ်ရာ ရမယ့်နေ့ပဲ။ တစ်ရာ ရတဲ့နေ့ဟာ ကျွန်တော့်အတွက် အပျော်ဆုံးဖြစ်မှာပဲလို့ ထင်ခဲ့တယ်။ နောက်တော့ မုန့်ဖိုး တစ်ရာ ရလာတယ်။ ပျော်လိုက်တာ အရမ်းပဲ အဲ့ဒီနေ့က၊ တစ်လောကလုံးကို လူမထင်သလိုလိုနဲ့။ ကျောင်းမှာ တစ်နေ့ ငါးဆယ်ပဲရတဲ့ သူငယ်ချင်းတွေကြားထဲမှာ ဆရာကြီးပေါ့။

"ဟိတ်ကောင်... မင်းအိမ်က တစ်နေ့ မုန့်ဖိုး ဘယ်လောက်ပေးလဲကွ" လို့မေးရင် တစ်ရာတန်ကို ထုတ်ပြပြီး ခပ်ကြွားကြွား ပြုံးရင်း ပျော်ခဲ့တာ။

နောက်တော့ တစ်ရာရတဲ့နေ့တွေမှာ ကျွန်တော်မပျော်တော့ဘူး။ နှစ်ရာတောင်းတာ မရလို့ အိမ်နဲ့ပါ ရန်ဖြစ်ရသေးတယ်။ "ဒီခေတ်ကြီးထဲမှာ တစ်ရာလောက်နဲ့ သူတောင်းစားတောင် မပျော်ဘူး" လို့ အမေ့ကို အော်ပြီး ကျောင်းကို သွားခဲ့တယ်။

နောက်ပြီး ကျောင်းရှေ့က သူတောင်းစား အမေအိုကြီးရှေ့က ခွက်ထဲကို အဲ့ဒီတစ်ရာတန်လေးကို ထည့်လိုက်တယ်။ ဘာကို မျှော်လင့်တာလဲဆိုတော့ "ဟင်း... ၁၀၀ ထဲလား" ဆိုတဲ့ အသံကိုပါ။ ဒါပေမယ့် အမေအိုရဲ့ ခွက်ထဲမှာ ၁၀၀ တန်တစ်ရွက်မှ မရှိဘူး။ အကုန်လုံးက ငါးဆယ်တန်နဲ့ တစ်ဆယ်တန်တွေချည်းပဲ။ တစ်ရာတန်ကို တွေ့တော့ အမေအိုက ပျော်သွားလိုက်တာများ... ဆုတွေ တစ်သီကြီး ပေးလိုက်ပါသေးတယ်။ အဲ့ဒီကတည်းက စပြီး သဘောပေါက်လိုက်တာ—ပျော်ရွှင်မှုတွေမှာ ကိုယ်ပိုင် စံနှုန်းတစ်ခုစီ ရှိကြပါ့လား ဆိုတာကိုပေါ့။

ဆယ်တန်းအောင်စာရင်းထွက်တော့ အင်္ဂလိပ်စာ ဂုဏ်ထူးနဲ့ အမှတ်ပေါင်း ၄၄၃ မှတ်။ ကျွန်တော် ပျော်ခဲ့ပါတယ်၊ မျှော်လင့်ထားတဲ့အတိုင်း ရလာတာပဲ မဟုတ်လား။ အိမ်နားက ကောင်မလေးကတော့ ဂုဏ်ထူး လေးဘာသာ ပါတယ်။ အော်... ဒီနေ့တော့ အိမ်နားမှာ သူတို့မိသားစုရဲ့ အသံတွေနဲ့ ညံနေမယ် ထင်ထားတာ ဘယ်ဟုတ်မလဲ။ တိတ်ဆိတ်လို့။ လေးဘာသာပဲ ပါလို့တဲ့လေ၊ ငိုပါ ငိုသေးတယ် သူက။ အဲ့ဒီမှာ စာမေးပွဲကျတဲ့သူတွေ၊ ရိုးရိုးအောင်တဲ့သူတွေက ဝိုင်းပြီး မေတ္တာပို့တော့တာပဲ။ အိမ်ကလူတွေကပါ အပြစ်တင်တယ်၊ ရတာနဲ့ မကျေနပ်လို့ဆိုပြီး။ ကျွန်တော်ကတော့ အပြစ်လည်း မမြင်တော့ဘူး၊ နားလည်း လည်လိုက်တယ်။ အော်... သူ့ရဲ့ ပျော်ရွှင်မှုအတွက် စံနှုန်းက ဘာသာစုံ ဂုဏ်ထူးပါ့လား ဆိုပြီးတော့ပေါ့။

တကယ့်တကယ်က ကျွန်တော်တို့အားလုံးဟာ ကိုယ်ပိုင် စံနှုန်းတစ်ခုစီကို သိစိတ်ကဖြစ်စေ၊ မသိစိတ်ကဖြစ်စေ ဖန်တီးနေတတ်ကြတာပါ။ များသောအားဖြင့်တော့ ဒီစံနှုန်းတွေဟာ ကျွန်တော်တို့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်နဲ့ မိသားစုအပေါ်မှာ အများကြီး မူတည်တာပါပဲ။ ဒါပေမယ့် တစ်ခုသတိထားရမှာက ကျွန်တော်တို့တွေဟာ အမြဲတမ်းတော့ ကိုယ်ကိုယ်တိုင် သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ မကိုက်ညီနိုင်ပါဘူး။

တက္ကသိုလ်ရောက်တော့ ကျွန်တော်နဲ့ အတူအပြင်မှာ အလုပ်အတူတူ လုပ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ တစ်နေ့တော့ ပုံမှန်လုပ်နေကြအလုပ်ကနေ အဆင့်မြှင့်ပြီး သူရောကျွန်တော်ရော Team Leader နေရာကို သွားလျှောက်တယ်။ ဖြစ်ချင်တော့ အဲ့ဒီရာထူးရဖို့ စံနှုန်းတွေ၊ လိုအပ်ချက်တွေက အရမ်းမြင့်တယ်။ အဲ့ဒီမှာ ကျွန်တော့်သူငယ်ချင်းက စိတ်ပျက်သွားတယ်။ "ငါတို့ကတော့ ဒီလောက်လေးတောင် အရည်အချင်းမရှိဘူး၊ ဒီလောကမှာ ဆက်နေဖို့ မလွယ်ပါဘူးကွာ" လို့ သူပြောပြီး ဒီအလုပ်တွေကို ဆက်မလုပ်တော့ဘူး။ ကျွန်တော်ကတော့ တစ်ဆင့်နိမ့်တဲ့ နေရာမှာ လုပ်ခဲ့တယ်။ အဲ့ဒီနေရာမှာတော့ ကျွန်တော်က ဆရာကြီးပဲလေ။ အားလုံးကို သဘောကျကြသလို တော်တယ်လို့လည်း မကြာမကြာ ပြောကြတယ်။

ဒါက ကျွန်တော့်ရဲ့ စံနှုန်းကို နှိမ့်ပစ်ခဲ့တာလို့ ပြောနိုင်တယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ လူတွေက ဒီစံနှုန်းတွေကို ဖန်တီးထားတာပါ။ ဒီစံနှုန်းတွေက လူတစ်ယောက်ကို တော်တယ်၊ မတော်ဘူးလို့ မသတ်မှတ်နိုင်ပါဘူး။ ကျွန်တော့်သူငယ်ချင်းကတော့ သူ့ဘဝမှာ ကျွန်တော့်လို မုန့်ဖိုး နှစ်ရာမရတဲ့ အဖြစ်မျိုး မကြုံဖူးခဲ့ဘူး ထင်ပါတယ်။ စံနှုန်းနဲ့ မကိုက်တဲ့အခါမှာ ကိုယ့်ကိုကိုယ် အသုံးမကျဘူးလို့ ထင်သွားတာပဲ။ ဒီလိုနဲ့ပဲ စံနှုန်းတွေက သူ့ဘဝကို ဖန်တီးသွားတော့တာပဲ။

အသက်ကြီးလာလေလေ ပိုသိလာတာက ဒီစံနှုန်းတွေကို ဖန်တီးတာက လူတစ်ယောက်ချင်းစီသာမဟုတ်ဘဲ အရမ်းကြီးတဲ့ အဖွဲ့အစည်းတွေပါ ပါတယ်ဆိုတာပဲ။ ရိုးသားမှ လူတော်လို့ စံနှုန်းထားတဲ့ သူတွေကြားထဲမှာ တစ်ခါတစ်လေ လိုချင်တာကို လှည့်ပတ်ပြီး ယူတတ်တဲ့ ကျွန်တော်ဟာ လူဆိုးပဲ။ အခြေအနေအရ ပြောင်းလဲနေတတ်မှ လူတော်လို့ သတ်မှတ်ထားတဲ့ သူတွေကြားမှာတော့ ကျွန်တော်ဟာ လူတော်တစ်ယောက်ပေါ့။

နိုင်ငံတွေ၊ ဘာသာရေးတွေ စတဲ့ ကြီးမားလှတဲ့ အဖွဲ့အစည်းတစ်ခုစီတိုင်းမှာ ဒီစံနှုန်းတွေ ရှိတတ်ကြတယ်။ အကောင်း/အဆိုးကို သတ်မှတ်တဲ့ စံနှုန်းတွေ အားလုံးမှာ ရှိကြတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ အပြုအမူတွေကို ကြည့်ပြီး အကဲခတ်ကြမယ်၊ ဆုံးဖြတ်ကြမယ်။ သူတို့ စံနှုန်းတွေနဲ့ ကျွန်တော်တို့တွေ ကိုက်တဲ့အခါလည်း ကိုက်မယ်ပေါ့။

ကိုယ်လုပ်ချင်တာလုပ်ဖို့ ဒီစံနှုန်းတွေကို ဂရုမစိုက်ဖို့ ပြောတာမဟုတ်ဘူး။ လူသားဆိုတာ Social Animal ဆိုတော့ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကိုလိုက်ပြီး ဒီစံနှုန်းတွေနဲ့ ကိုက်အောင် ကြိုးစားနေကြရတာပါပဲ။ အဓိက ပြောချင်တာက ဘဝဆိုတာ ဘယ်တော့မှ ဖြောင့်ဖြူးမနေဘူးဆိုတာပါပဲ။ အောင်မြင်တာရှိမယ်၊ ကျရှုံးတာရှိမယ်။

ဘယ်စံနှုန်းနဲ့မှ မကိုက်တဲ့အချိန် ကိုယ့်ကိုကိုယ် အပြစ်မြင်လာတာ ဒါမှမဟုတ် အသုံးမကျဘူးလို့ ထင်လာတဲ့အခါ သတိရလိုက်ပါ။ ဒီစံနှုန်းတွေကို ဖန်တီးထားတာ လူသားတွေပါပဲ။ စံနှုန်းတွေကတော့ လူသားတွေကို မဖန်တီးနိုင်ပါဘူး။ ဒါကို သဘောပေါက်ထားရင် အရင်ကထက် ပိုပြီး ပျော်လာဖို့ အာမခံပါတယ်။ ဒါကြောင့် တစ်ခုခုကို မရောင့်ရဲတဲ့သူတွေကို တွေ့ရင်လည်း အပြစ်မမြင်ပါနဲ့၊ သူတို့ရဲ့ စံနှုန်းကို ကိုက်အောင် ကြိုးစားနေကြတယ်လို့ပဲ မှတ်လိုက်ပါ။

ဘဝဆိုတာ ခဏလေးပါပဲ။

"ဆေးစက်ကျရာ အရုပ်ထင်ကြရရုံပေါ့။"