Ink & Signal logoSignal & Soul

Psychology, philosophy, romance, poetry, and AI under one personal roof.

HomeTopicsAbout
PsychologyPhilosophyRomancePoetryAI Systems
Back

အရာရာကိုပင်ပန်းလာတဲ့အခါဖတ်ဖို့

ပင်ပန်းနွမ်းနယ်မှုဆိုတာ တကယ်တော့ ပြောင်းလဲတိုးတက်ခြင်းရဲ့ ပထမဆုံး လက္ခဏာရပ်တစ်ခုပါ။ လောကကြီးက သင့်အပေါ် မတရားဘူးလို့ ခံစားရတဲ့အခါ၊ သင်ဟာ ပင်ပန်းနေရုံတင်မဟုတ်ဘဲ ရင့်ကျက်လာနေတာဖြစ်ကြောင်း သတိရပါ။ အမှောင်ထုထဲမှာ အလင်းရောင်ကို ရှာဖွေနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ ရှေ့ဆက်လျှောက်လှမ်းနေဖို့ပါပဲ။

၂၀၂၃ ဖေဖော်ဝါရီ ၁၀
အရာရာကိုပင်ပန်းလာတဲ့အခါဖတ်ဖို့

ပင်ပန်းတယ်ဆိုတာ ဘာလဲဆိုတာ ကိုယ်သိတယ်။ လူပင်ပန်းတာမျိုးတင် မဟုတ်ဘူးပေါ့။

တကယ်တော့ ကိုယ်တို့နေနေတဲ့ ကမ္ဘာကြီးက တကယ် ပင်ပန်းစရာကြီးပါ။ စိတ်ညစ်ညူးရတယ်၊ ပြီးတော့ ကျေးဇူးလည်း မသိတတ်ပြန်ဘူး။ ကိုယ်တို့တွေဟာ ဒီကမ္ဘာကြီးပေါ်ကို မွေးဖွားလာကတည်းက တစ်နေ့နေ့မှာ ပင်ပန်းရဖို့ အကြောင်းပါလာပြီးသားပဲ။

အရမ်းချစ်မိတဲ့အခါ ပင်ပန်းရတယ်။ အရမ်းဂရုစိုက်မိတဲ့အခါ ပင်ပန်းရတယ်။ ဘယ်တော့မှ ပြန်မလာတဲ့ အရာတွေဆီမှာ ကိုယ့်ရဲ့ ခံစားချက်တွေ၊ အချိန်တွေကို မြှုပ်နှံမိခဲ့လို့ မင်းပင်ပန်းနေတာကို ကိုယ်သိပါတယ်။ မသေချာမရေရာမှုတွေကြားမှာ မင်းပင်ပန်းနေတယ်၊ ဒါကို ကိုယ်နားလည်တယ်။

အခုလောက် မင်းဘယ်တုန်းမှ မပင်ပန်းခဲ့ဖူးတာ ကိုယ်သိတယ်။ နောက်ပြီး မင်းမှာ မျှော်လင့်ချက်ရောင်တွေ တောက်ပပြီး အရာရာမှာ ပျော်ရွှင်ခဲ့တဲ့ အချိန်တွေရှိတာလည်း သိတယ်။ မင်းရဲ့ အရာရာကို အကောင်းမြင်တတ်တာလေးတွေက အပြစ်အနာအဆာလေးတွေကို လွှမ်းမိုးခဲ့တဲ့အချိန်တွေ၊ သိပ်ပြီး ဖြူစင်တဲ့ နှလုံးသားတစ်စုံနဲ့ မင်း ပျော်ခဲ့တဲ့ အချိန်တွေပေါ့။

အခုတော့ ဒီအရာတွေဟာ တစ်စစီကျိုးပဲ့၊ အရာရာဟာ အတိတ်မှာပဲ ကျန်တော့တာ ကိုယ်သိတယ်။ တစ်နေရာမှာ ကွဲအက်နေတဲ့ နှလုံးသားတစ်စုံ၊ တစ်ခြားတစ်နေရာမှာ ကိုယ့်ကိုကိုယ် မတည်နိုင်တော့တဲ့ ကတိတစ်ချို့နဲ့ပေါ့။ ဒီလောကကြီးက မင်းအပေါ်မှာ မတရားခဲ့တဲ့ အချိန်တွေ၊ ဒီဘဝထဲ မင်းတိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ ကြုံခဲ့ရတဲ့ ရှုံးနိမ့်ခြင်းတွေကိုလည်း ကိုယ်သိပါတယ်။ ထပ်ပြီးတော့ မကြိုးစားချင်တော့လောက်အောင် ပင်ပန်းနေတာကိုလည်း ကိုယ်နားလည်တယ်။

ဘာလို့သိတာလဲလို့ မင်းမေးလို့ရတယ်။ ဘာလို့လဲဆိုတော့ ကိုယ်လည်း ပင်ပန်းခဲ့လို့ပဲ။ တကယ်ဆို ကိုယ်တင်မဟုတ်ဘူး၊ လူအားလုံးဟာ ပင်ပန်းခဲ့ကြရတယ်။ အခုမပင်ပန်းရင်တောင် တစ်ချိန်ချိန်မှာ ပင်ပန်းကြရတယ်။ တကယ်တော့ လူဆိုတာ ကိုယ့်ဒဏ်ရာက ပိုနာကျင်ရတယ်လို့ ထင်နေတဲ့ သတ္တဝါတွေပဲ မဟုတ်လား။ ကိုယ့်ကိုကိုယ်ပဲ ပင်ပန်းနေတယ်လို့ ထင်နေတဲ့သူတွေကြားထဲမှာ မင်းပင်ပန်းနေတာကိုတော့ ကိုယ်သတိထားမိပါတယ်။

မင်းအခုလို စိတ်နှလုံးသားထဲအထိ ပင်ပန်းနေတော့ ထပ်ပြီး ကြိုးစားရမှာကို မဖြစ်နိုင်တော့ဘူးလို့ ထင်နေတယ်မလား။ တစ်ချိန်က မင်းပျော်ပျော်ကြီး စိတ်ကူးယဉ်ခဲ့တဲ့ အိပ်မက်တွေဟာ အခုချိန်မှာ မဖြစ်နိုင်တော့ဘူးလို့ကော မင်းထင်နေလား။

ဒါပေမယ့် ကိုယ်မင်းကို တောင်းပန်ချင်တာက—ကျေးဇူးပြုပြီး နောက်တစ်ခေါက်လောက် ထပ်ပြီး ကြိုးစားကြည့်ပေးပါဦး။

အရာရာဟာ အမှောင်ဖုံးနေပြီလို့ မင်းထင်နေတယ်မလား။ ဒါပေမယ့် တကယ်တော့ အမှောင်ထဲရောက်နေတဲ့အခါ ရှေ့ဆက်လျှောက်မှသာ အလင်းရောင်ကို တွေ့နိုင်တာပါပဲ။ ကိုယ်တို့တွေက ထင်တာထက်ပိုပြီး ခံနိုင်ရည်ရှိကြပါတယ်။ အမှောင်ထုထဲရောက်သွားတဲ့အခါ ဆက်လျှောက်ဖို့ ကြိုးစားနေဖို့ပါပဲ။

ကိုယ်တို့ပေးနိုင်တဲ့ ပမာဏထက်များတဲ့ မေတ္တာတရားတွေ၊ ထားနိုင်တာထက် ပိုများတဲ့ မျှော်လင့်ခြင်းတွေ၊ ရှေ့ဆက်လျှောက်မှသာ ရှာဖွေနိုင်မယ့် ပျော်ရွှင်ခြင်းတွေဟာ ဒီဘဝကြီးထဲမှာ ကျန်နေပါသေးတယ်။ ကိုယ်တို့တွေဟာ ချက်ချင်းထွက်လာမယ့် ရလဒ်တွေကို လိုချင်ကြတယ်။ တစ်နေရာရာမှာ တစ်ခုခုကြောင့် ရပ်သွားပြီဆိုရင် ပင်ပန်းမှုတွေကြောင့် ကိုယ်တို့အရှုံးပေးတတ်ကြတယ်။

ခက်ခဲတာ ကိုယ်သိတယ်၊ ဒါပေမယ့် အရှုံးမပေးပါနဲ့။ ကိုယ်တို့ဘဝထဲက တစ်ချို့သော ကျရှုံးခြင်းတွေ ပင်ပန်းခြင်းတွေဟာ ကိုယ်တို့ကို ပိုကောင်းတဲ့ လူတွေဖြစ်လာအောင် ဖန်တီးပေးကြတယ်။ ဒါတွေဖြစ်လာတဲ့အခါ ဘာကြောင့်ဖြစ်ရသလဲ ဆင်ခြင်ပြီး ဘဝကို ပိုလှပလာအောင် ဖန်တီးဖို့ပါပဲ။

မင်းပင်ပန်းနေတယ်ဆိုတာ မင်းဟာ တိုးတက်စပြုနေလို့။ မင်းပင်ပန်းနေတယ်ဆိုတာ မင်း ပြောင်းလဲစပြုနေလို့ပါ။ ဒါတွေဟာ မင်းရဲ့ အဖိုးတန်တဲ့ အတွေ့အကြုံတွေပဲ။ မင်းပင်ပန်းလာတဲ့အခါ ဖြည်းဖြည်းလျှောက်ပါ။ တိတ်တိတ်လေးလျှောက်၊ ဘယ်သူမှ သတိမထားမိအောင်လျှောက်။ အဓိကက မင်း ရှေ့ဆက်လျှောက်နေဖို့၊ အဓိကက မင်းဘယ်တော့မှ မရပ်တန့်လိုက်ဖို့ပါပဲ။

တစ်နေ့နေ့တစ်ချိန်ချိန်တော့ ဒီပင်ပန်းခြင်းတွေကနေ မင်းရုန်းထွက်ပြီး တန်ဖိုးရှိတဲ့သူတစ်ယောက် ဖြစ်လာမှာ ကိုယ်သိတယ်။

ပြီးတော့... ကိုယ်မင်းပျော်နေတဲ့ အချိန်တွေကို ငေးကြည့်နေမယ်။

AI

Soe Lwin Htun

ownder