Ink & Signal logoSignal & Soul

Psychology, philosophy, romance, poetry, and AI under one personal roof.

HomeTopicsAbout
PsychologyPhilosophyRomancePoetryAI Systems
Back

အချစ်အကြောင်းရေးဖြစ်ခဲ့မယ်ဆိုရင်

အချစ်အကြောင်း ကိုယ် တကယ်မရေးတတ်ပါဘူး။ ဒါပေမယ့် အချစ်အကြောင်းကို မဖြစ်မနေ ရေးရမယ်ဆိုရင်တော့ မင်းရဲ့နာမည်နဲ့စပြီး မင်းရဲ့နာမည်နဲ့ပဲ အဆုံးသတ်မှာပါပဲ

၂၀၂၁ ဖေဖော်ဝါရီ ၁၉
အချစ်အကြောင်းရေးဖြစ်ခဲ့မယ်ဆိုရင်

ရိုးရိုးသားသားပြောရမယ်ဆိုရင် ကိုယ်က အချစ်အကြောင်း မရေးတတ်ဘူး။ အချစ်အကြောင်းရေးမယ်လို့ စဉ်းစားတိုင်း စကားလုံးတွေက ဦးနှောက်ထဲကို ပေါ်မလာဘူး။ ချစ်ဖူးပေမယ့်၊ အချစ်ကို ခံစားဖူးပေမယ့် စကားလုံးနဲ့ ရှင်းပြဖို့ ကြိုးစားတဲ့အခါ တကယ် အဆင်မပြေပါဘူး။

ဒါပေမယ့် တစ်ယောက်ယောက်ကများ "မင်း အချစ်အကြောင်း ရေးမလား၊ အသေခံမလား" မေးရင်တော့ အချစ်အကြောင်းပဲ ရေးရမှာပေါ့။ မဖြစ်မနေ အချစ်အကြောင်း ရေးရမယ်ဆိုရင်တော့... အင်း... မင်းနာမည်ကို အရင်စရေးမယ်။

မင်းနာမည်ကို ကြားလိုက်တဲ့အခါတိုင်း ရိုလာကိုစတာ စီးရသလို၊ သရဲကားကို တစ်ယောက်တည်းကြည့်ရသလို စိတ်လှုပ်ရှားရင်ခုန်ရတဲ့ အကြောင်းကို ရေးမယ်။ သူငယ်ချင်းတွေက မင်းနာမည်နဲ့ စတဲ့အခါတိုင်း အထက်တန်းတုန်းက ကောင်လေးတစ်ယောက်လို ကြည်နူးနေဆဲ ဆိုတဲ့အကြောင်းကိုလည်း ရေးမယ်။

အင်း... စဉ်းစားကြည့်ရရင် ကိုယ့်နှလုံးခုန်သံတိုင်းဟာ မင်းနာမည်နဲ့များ ကာရံဖွဲ့ဆိုထားသလား မသိပါဘူး။ တကယ်လို့ အချစ်ကြောင်း ရေးရမယ်ဆိုရင်—ချစ်မိတယ်ဆိုတာ ငယ်ငယ်က စက်ဘီးစီးသင်ရသလိုပဲဆိုတာကို ရေးရမယ်။ စက်ဘီးစီးတတ်ဖို့ ကိုယ်အကြိမ်ကြိမ် လဲခဲ့သေးတာ။ အကာမပါ ဘာမပါနဲ့ဆိုတော့ အနာတရတွေ အများကြီးပဲ။ မင်းကို ချစ်ရတာလည်း စက်ဘီးစီးရသလိုပါပဲ။ မြင်ရတဲ့ဒဏ်ရာနဲ့ မမြင်ရတဲ့ဒဏ်ရာပဲ ကွာတယ်။

ပြီးတော့ ဘာထပ်ရေးရဦးမလဲ။ ကိုယ်က တကယ်ကို အချစ်အကြောင်း မရေးတတ်တဲ့သူပဲ။

အင်း... စကားမစပ် ကိုယ်ပြောရဦးမယ်။ ကိုယ့်အလုပ်က error တွေ သောင်းခြောက်ထောင်နဲ့ဆိုတာလည်း မင်းသိမှာပေါ့။ ဟိုအရင်က error တစ်ခုတက်တိုင်း ဘေးနားက ပစ္စည်းတွေအတွက်တော့ စိတ်မကောင်းစရာတွေ အမြဲဖြစ်ခဲ့သေးတယ်။ နောက်တော့ ဖြေရှင်းတဲ့နည်းကို ကိုယ်တွေ့ခဲ့တယ်လေ။ မျက်လုံးမှိတ်ပြီး မင်းအပြုံးတွေကို ပြန်မြင်ယောင်လိုက်ရုံပဲ။ ပြောရမယ်ဆိုရင်တော့ မင်းအပြုံးတွေက ကိုယ့်အတွက် အတွေးအခေါ်ထက်မြတ်စေတဲ့ သဘာဝဆေးတစ်ခွက်ပေါ့။ ဒါဟာ အချစ်ကြောင်းတော့ မဟုတ်ဘူး။ ဒါပေမယ့် အချစ်ကြောင်းရေးမယ်ဆိုရင်တော့ ကိုယ် ဒီအကြောင်းကိုလည်း ထည့်ရေးရမယ်။

ညဆိုရင် ကြယ်တွေကို ကြည့်ရတာ ကိုယ်ကြိုက်တယ်။ ကော်ဖီပူပူတစ်ခွက်ဖျော်၊ ဝရံတာကို ထွက်ပြီး ကောင်းကင်ကို ငေးနေရတာပေါ့။ နက္ခတ်တာရာတွေအကြောင်း ကိုယ်နားမလည်ပါဘူး။ ဒါပေမယ့် ငယ်ငယ်ကတည်းက ခုနစ်စင်ကြယ်ကို ရေလေ့ရှိတယ်။ အခုနောက်ပိုင်း ခုနစ်စင်ကြယ်ကို ကိုယ်ပြည့်အောင်တောင် မရေနိုင်တော့ဘူး။ မင်းမျက်နှာက ပေါ်ပေါ်လာတာကိုး။ ကြယ်တွေထက် တောက်ပတဲ့ မင်းအပြုံးတွေကို ကောင်းကင်မှာ ကိုယ်မြင်နေရတာ ဘယ်လိုလုပ်မလဲ။ ကြာလာရင် ကြယ်လေးတွေတောင် ကိုယ့်ကို စိတ်ဆိုးကြတော့မယ် ထင်ပါရဲ့။ ဒါလည်း အချစ်အကြောင်းတော့ မဟုတ်ဘူးပဲ။

ပြောရရင် မင်းအကြောင်း... အော်၊ မေ့နေလိုက်တာ ကြည့်စမ်း။ မင်းဆိုတာ ကိုယ့်ရဲ့ အချစ်ပဲမဟုတ်လား။ မင်းအကြောင်းရေးတယ်ဆိုတာ အချစ်အကြောင်းရေးတာပဲပေါ့။ ကိုယ်ဟာ အချစ်အကြောင်း ဘာမှမသိပေမယ့် မင်းအကြောင်းတော့ ကိုယ်အများကြီး သိပါတယ်လေ။

ဒီတော့... ကိုယ်သာ အချစ်အကြောင်း ရေးခဲ့မယ်ဆိုရင် မင်းနာမည်နဲ့စပြီး မင်းနာမည်နဲ့ပဲ ဆုံးမယ်။

AI

Soe Lwin Htun

ownder