အထီးကျန်ခြင်း နဲ့ ခရစ္စမတ်
ခရစ္စမတ်ဆိုတာ အတောက်ပဆုံးအချိန်လည်းဖြစ်နိုင်သလို အထီးကျန်ဆုံးအချိန်လည်းဖြစ်နိုင်ပါတယ်။ ခရစ္စမတ်ရဲ့ တကယ့်လက်ဆောင်ဆိုတာ အနားမှာရှိနေဆဲအရာတွေထက် နှလုံးသားထဲမှာ အမြဲရှိနေမယ့် အမှတ်တရတွေကို ပြန်လည်သတိရခြင်းပဲ ဖြစ်ပါလိမ့်မယ်။"

“ရယ်တော့ ရယ်ရသားပဲ။ ခရစ္စမတ်ဆိုတာ အတောက်ပဆုံးအချိန်လည်းဖြစ်နိုင်သလို အထီးကျန်ဆုံးအချိန်လည်းဖြစ်နေနိုင်တယ်မလား။”
နူးညံ့ပေမယ့် အတည်ပြောတဲ့ လေသံနဲ့ထွက်လာတဲ့ သူ့စကားပါ။ သူခပ်သဲ့သဲ့ပြုံးလိုက်တာ ကျွန်တော် သတိထားမိတယ်၊ ဒါပေမယ့် သူ့အပြုံးက သိပ်အသက်မပါလှဘူး။
‘ဘာလို့လဲ’
ကော်ဖီဆိုင်စားပွဲပေါ်က ခပ်မှိန်မှိန်ထွန်းထားတဲ့ မီးသီးကိုကြည့်ရင်း သူပြန်ဖြေတယ်။ ဒီမီးရောင်တွေဆီက အဖြေတွေရနိုင်နေသလိုပါပဲ။
‘ခရစ္စမတ်ဆိုတာ မိသားစုတွေ၊ ချစ်ရသူတွေနဲ့ တွေ့ဖို့၊ ကြင်နာကြဖို့ အားလပ်ရက်တခုလို့ လူတွေအမြဲပြောတယ်မလား။ တကယ်လို့များ ဒါတွေမရှိတော့ရင် ဘယ်လိုလုပ်မလဲ? မိသားစုတွေ၊ ချစ်ရတဲ့သူတွေပေါ့... မီးလှလှလေးတွေ ရောင်စုံသစ်ပင်တွေရှိနေပေမယ့် ကျန်နေမှာက အမှတ်တရတွေပဲမဟုတ်လား’
သူ့လေသံမှာပါနေတဲ့ ကြေကွဲတဲ့အရိပ်အယောင်ကို ကျွန်တော် သတိထားမိတယ်။ သူပြောနေတာ ခရစ္စမတ်အတွက်ပဲလား၊ ဒါမှမဟုတ် အတိတ်က အမှတ်တရတွေနဲ့ မသေချာတဲ့ အနာဂတ်တွေအကြောင်းလား ဝေခွဲမရခဲ့ဘူးပေါ့လေ။
ဘာပြန်ပြောရမှန်းမသိတာနဲ့ မီးရောင်ကြားက သူ့ကိုပဲငေးကြည့်နေမိတယ်။ ဟုတ်တော့လည်း ဟုတ်တယ်၊ ခရစ္စမတ်ဆိုတာ ချစ်ရတဲ့သူတွေနဲ့ တွေ့ဆုံနေရုံတော့လည်း မဟုတ်ဘူးပဲ။ အမှတ်ရခြင်းတခုလို့လည်း ဆိုရမယ်။
မရှိတော့တဲ့သူတွေ၊ ပြတ်တောက်သွားတဲ့ ကြိုးတွေ၊ ပျောက်ကွယ်သွားတဲ့ အရာရာအတွက် တိတ်တိတ်ဆိတ်ဆိတ် အမှတ်ရနေပေးဖို့ နေ့တနေ့ဆိုလည်း မမှားဘူးပေါ့လေ။ သူ့လက်ကို ခပ်ဖွဖွပဲ ဆုပ်ကိုင်ထားလိုက်မိတယ်။ ကျွန်တော်တို့နားလည်ဖို့အတွက် သိပ်ကြီးနေတဲ့ ကမ္ဘာထဲမှာ အားခဏပေးစရာ လက်တစုံပဲဖြစ်ဖြစ်ပေါ့။
‘လစ်ဟာသွားတာတွေကို အမှတ်ရနေဖို့ပဲတော့လည်း ဘယ်ဟုတ်မလဲ။ အခု အနားမှာရှိနေသေးတဲ့ လူတွေ၊ ရှိနေသေးတဲ့ အရာတွေအတွက် ရှိနေသေးကြောင်း အသိအမှတ်ပြုတဲ့ နွေးထွေးခြင်းတခုလည်း ဖြစ်နိုင်တယ်မလား’
ဒီတခါတော့ ပုံမှန်တောက်ပတဲ့ အပြုံးမျိုး သူ့နှုတ်ခမ်းမှာ ပြန်တွေ့လိုက်ရတယ်။ ကျွန်တော်ပြောချင်တာကို နားလည်တဲ့ အပြုံးမျိုးပေါ့။
အခု ဒီစာကို ရေးနေချိန် Christmas Eve မှာ ကျွန်တော်တယောက်တည်း။ သူပြောခဲ့သလိုပဲ ကျွန်တော်ဟာ အမှတ်တရတွေနဲ့ ခရစ္စမတ်ကို ဖြတ်သန်းနေရတဲ့အချိန်။ ကျွန်တော့်အနားမှာ သူရှိခဲ့တာဟာ ခရစ္စမတ်တွေပဲတော့မဟုတ်၊ ကုန်လွန်သွားတဲ့ အချိန်တွေ၊ အတူသင်ယူခဲ့ရတဲ့ သင်ခန်းစာတွေ၊ အသေးအဖွဲ အမှတ်တရလေးတွေ စုံလို့ပါပဲ။
စာရေးနေဆဲ ဘေးနားမှာ ကော်ဖီတခွက်ကလွဲ ဘာမှမရှိနေပေမယ့် သူ့ရဲ့အမှတ်တရတွေဟာ ကျွန်တော်ကနေတဆင့် ရှင်သန်နေဦးမှာ သိနေတာမလို့ ငြိမ်းချမ်းမှုကို ခံစားနေရဆဲပါပဲ။ သူရယ်တဲ့ပုံစံတွေ၊ သူကြိုက်တဲ့ သီချင်းတွေ၊ နှစ်ယောက်ကြားရှိခဲ့တဲ့ အရာအားလုံးနဲ့အတူ ခဏတာတော့ ‘ဘာစာတွေရေးနေပြန်ပြီလဲ’ လို့ ဘေးနားကနေ စပ်စုနေသလိုပါပဲ။
ခရစ္စမတ်ရဲ့ တကယ့်လက်ဆောင်က ဒါဖြစ်ရင်လည်း ဖြစ်နေမှာပေါ့လေ။ အနားမှာရှိနေတဲ့ ရှိနေဆဲအရာတွေထက် နှလုံးသားထဲမှာ ကျန်နေတဲ့အရာတွေအတွက် ပြန်လည်သတိရခြင်းမျိုးပေါ့။ သူ့အမှတ်တရတွေအပြင် တခြားရှိခဲ့ဖူးတဲ့သူတွေ၊ ရှိနေပေမယ့် အနားမှာမရှိနေတဲ့သူတွေ၊ အရာရာအတွက် သတိရပေးနေခြင်းကပဲ ဒီညအတွက် လက်ဆောင်တခုလို့ ဆိုရမှာပါပဲ။
If you are reading this, Merry Christmas to you too.
Soe Lwin Htun
ownder